မြင်စိုင်းမြို့ဟောင်းအနီး ကျောက်ထုတ်လုပ်မှုကြောင့် နံရံပန်းချီအနည်းငယ် ပဲ့ကျမှုဖြစ်စဉ်နှင့် အသင်း၏ ကြေညာချက်အပေါ် သဘောထားထုတ်ပြန်ခြင်း

၁။ ၁၄-၂-၂၀၁၉ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် မြင်စိုင်းမြို့ဟောင်း၏ အရှေ့နှင့် အရှေ့ တောင်ဘက်ရှိ ထုံးကျောက်တောင်များတွင် ထုံးကျောက်ထုတ်ယူရန်အတွက် မိုင်းခွဲမှုဖြစ်စဉ် များကြောင့် စိတ္တဂုတ္တဂူအတွင်းရှိပင်းယခေတ် (၁၄ရာစု) နံရံပန်းချီများပြိုကျ ပျက်စီးမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်းနှင့် မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်း၏ နာယကအဖွဲ့နှင့် အကြံပေး အဖွဲ့များတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်းများထည့်သွင်း ဖွဲ့စည်းထားမှုကိုမြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်း၏ Facebook Page တွင် သတင်း ထုတ်ပြန်ခဲ့သည်။
၂။ ထုတ်ပြန်ကြေညာချက် နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြင်စိုင်းမြို့ဟောင်းအနီး ကုလားကျောင်းကျေးရွာ အရှေ့တောင်ဘက်ရှိ နံရံဆေးရေးပန်းချီများရှိသော စိတ္တဂုတ္တကျောက်လိုဏ်ဂူနေရာအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ခေါင်းဆောင်သောအဖွဲ့က ၁၆-၂-၂၀၁၉နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ စိတ္တဂုတ္တကျောက် လိုဏ်ဂူသည် အမှတ်(၃၆) အကြီးစားမှန်စက်ရုံမှ ကျောက်ထုတ်လုပ်ရန် ကျောက်မိုင်းခွဲရာနေရာနှင့် ပေ (၁၅၀၀) ခန့် အကွာတွင်တည်ရှိပြီး နံရံဆေးရေးပန်းချီ ပါဝင်သော အင်္ဂတေအလွှာချပ် လက်သီးဆုပ်အရွယ် (၂)ခု ၊ (၃) ခုခန့် လိုဏ်ဂူကြမ်းပြင်ပေါ် ကွာကျနေသည်ကို တွေ့ရှိခဲ့ပါသည်။ ကျောက်ထုတ်ရန် မိုင်းခွဲခြင်းကြောင့် ကွာကျခြင်း (သို့မဟုတ်) လိုဏ်ဂူအမိုးပေါ်ရှိ သစ်ပင်များမှ သစ်မြစ်ထိုးခြင်းကြောင့် ကွာကျခြင်းစသည်ဖြင့် တိတိကျကျ မပြောနိုင်သော်လည်း လတ်တလောကွာကျထားခြင်း မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။
၃။ ဖော်ပြပါ အသင်း၏ကြေညာချက်နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့် အောက်ပါအတိုင်း ထုတ်ပြန်ကြေညာပါသည် -
(က) မြန်မာနိုင်ငံရှေးဟောင်းသုတေသန ပညာအသင်းသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် အသင်းအဖွဲ့အဖြစ် ဖွဲ့စည်းရန်သဘောထားမှတ်ချက် တောင်းခံခဲ့စဉ်ကအသင်းအမည်ကို “ မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာ အသင်း”အစား“ မြန်မာရှေးဟောင်းသုတေသနပညာအသင်း ”ဟုပြောင်းလဲသုံးနှုန်းရန်
 သဘောထားမှတ်ချက် ပြန်ကြားခဲ့ပါသည်။ သို့သော်လည်း လက်ရှိမြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းဟု ဆက်လက်သုံးနှုန်းနေသဖြင့် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာ အသင်းအမည်သည် မိမိဝန်ကြီးဌာနက အတည်ပြု ထားသော တရားဝင်အမည်မဟုတ်ပါကြောင်း၊
(ခ) ထို့ပြင် နာယကအဖွဲ့၊ အကြံပေးအဖွဲ့များတွင် ပါဝင်ဖွဲ့စည်းသည်ဟု ဖော်ပြ ထားသော ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများ နှင့်ပတ်သက်၍ NGOအသင်းတွင် အဆိုပါဝန်ထမ်းများအား ထည့်သွင်းဖွဲ့စည်း လိုပါက  ကာယကံရှင်များ၏ သဘောတူညီချက်ကို ဦးစွာတောင်းခံရမည် ဖြစ်ပြီး ၎င်းတို့သဘောတူပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တစ်ဆင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက် တောင်းခံကာ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ခွင့်ရှိပါကြောင်း၊
(ဂ) လုပ်ထုံးလုပ်နည်းဖြင့်  ခွင့်ပြုတောင်းခံထားခြင်းမရှိသဖြင့် အဆိုပါ ပုဂ္ဂိုလ်များကို ထည့်သွင်းဖွဲ့စည်းမှုသည် ဝန်ကြီးဌာနနှင့်ဦးစီးဌာနက သဘောတူ ခွင့်ပြု ထားသည့် တရားဝင်ဖွဲ့စည်းမှုမဟုတ်ဟု ဌာနကသတ်မှတ်ပါကြောင်း။