သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဒေါက်တာဒေါ်နန္ဒာမွှန်း ဦးဆောင်သော ကိုယ်စားလှယ် (၇) ဦးသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ၊ သမိုင်းသုတေသန၊ စာကြည့်တိုက်များအကြား အသိပညာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ လေ့လာရေး သွားရောက်ခဲ့ခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဒေါက်တာဒေါ်နန္ဒာမွှန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၇) ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေကျင်းမြို့၊ ရှီအန်းမြို့၊ ချန်တူးမြို့နှင့် ကူမင်းမြို့များသို့ သွားရောက်လေ့လာခဲ့ပါသည်။
လေ့လာရေးခရီးစဉ်အတွင်း အဆိုပါမြို့ကြီးများရှိ အမျိုးသား စာကြည့်တိုက်နှင့် ပြည်နယ် စာကြည့်တိုက်များသို့ သွားရောက်လေ့လာကာ စာကြည့်တိုက်ဆိုင်ရာနယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ စာကြည့်တိုက်ဆိုင်ရာ ပညာရပ်များ၊ သင်တန်းများသို့ စေလွှတ်လေ့လာရေးနှင့် Capacity Building များအတွက် ကူညီပေးရေး၊BookExchangeအစီအစဉ်များ ဆောင်ရွက် ရေး၊ နှစ်နိုင်ငံစာကြည့်တိုက်များအကြား ပူးတွဲသုတေသနစာတမ်းဖတ်ပွဲများ ကျင်းပရေးတို့ကို အဓိကဆွေးနွေးကာ သဘောတူညီမှုများ ရယူခဲ့ပါသည်။
အထူးသဖြင့် ယူနန်တက္ကသိုလ်သို့သွားရောက်စဉ် ယူနန်တက္ကသိုလ်ဥက္ကဋ္ဌ ဦးဆောင်သည့်ပညာရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မြန်မာသမိုင်းဆိုင်ရာ အထောက်အထားများအတွက် အထောက်အကူပြုမည့် သမိုင်းဆိုင်ရာ အချက်အလက်များ ရှာဖွေသုတေသနပြုရေးနှင့် သုတေသန စာတမ်းဖတ်ပွဲများ ပူးတွဲဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် လေ့လာရေးခရီးစဉ်အတွင်း ခရီးသွားလုပ်ငန်းတွင် ထင်ရှားသော နေရာများသို့ လည်းကောင်း၊ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေး ဆိုင်ရာ နေရာများသို့ အသီးသီးပို့ဆောင်ပေးခဲ့ ကြောင်း သိရှိရပါသည်။