ပုဂံရှေးဟောင်းသုတေသနပြတိုက်

 

                                                   

 

၁။ နောက်ခံသမိုင်းအကျဉ်း

       

        

          ၁၉၀၁ ခုနှစ်တွင်  အိန္ဒိယဘရင်ခံချုပ်သည် ပုဂံဒေသသို့ ရောက်ရှိခဲ့ရာ ပုဂံဒေသည် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ တစ်စုတစ်ဝေးတည်းတည်ရှိရာဒေသဖြစ်ကြောင်း တွေ့ရှိ ခဲ့ပါသည်။ သို့ဖြစ်၍ ပုဂံဒေသ၏ ရှေးဟောင်း အနုပညာ လက်ရာများ ရှေးဟောင်းသာသနိကဆိုင်ရာ အဆောက် အအုံများ မပျက်စီးစေရန်၊ ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ရန်ကုန်တက္ကသိုလ်မှ ပါဠိပါမောက္ခ မစ္စတာအီးဖိုးချားမားအား တာဝန်ပေးအပ်ခဲ့ပါသည်။ ၁၉၀၂ ခုနှစ်တွင် ကမ္ပည်းကျောက်စာ ဌာန (ယခုရှေးဟောင်းသုတေသနဦးစီးဌာန) ကျောက်စာဝန် မစ္စတာတော်စိန်ခိုသည် ပုဂံတစ်ဝိုက်မှရရှိ သော ရှေးဟောင်း ကျောက်စာများနှင့် ရှေးဟောင်းပစ္စည်းများကို စုဆောင်းခဲ့ ပါသည်။ ၎င်းတို့ကို ပြသရန် ၁၉၀၄ ခုနှစ်တွင် အာနန္ဒာဘုရား၏ မြောက်ဘက်တွင် ပြတိုက်ငယ်တစ်ခုကိုတည်ဆောက် ခဲ့ပြီး  ရှေးဟောင်းကျောက်စာများကို ပြသခဲ့ပါသည်။ အလားတူ ပုဂံဒေသရှိ အရေးကြီးဘုရားပုထိုး များကိုစောင့်ရှောက်ရန် အစောင့်ဝန်ထမ်းများကို ထားရှိဆောင်ရွက်ခဲ့ပါသည်။ ထိုစဉ်က အုပ်ချုပ်မှု ကို ပခက္ကူခရိုင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူခဲ့ပါသည်။ နောက်ပိုင်းတွင် ဦးဗိုကေ အား ကျောက်စာဝန်အဖြစ် ပုဂံဌာနခွဲတွင် ခန့်ထားခဲ့ပြီး ပုဂံမြို့တွင် ရုံးဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၉ ခုနှစ်တွင် ပုဂံမြို့ ကန်တော့ပလ္လင်တောင်ဘက် (၈.၁၆)ဧကရှိ မြေနေရာ၌ ရှစ်မြှောင့်ပုံ ပြတိုက်ငယ်တစ်ခုကို တည်ဆောက်ခဲ့ပါသည်။ ၎င်း၏ဘေးတွင် ပုဂံရှေးဟောင်းသုတေသနဌာနခွဲရုံးကို ဆောက်လုပ်ခဲ့ပါသည်။

          (၁၄.၁၀.၉၄)ရက်နေ့တွင် ပုဂံဒေသသို့လာရောက်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခရီးစဉ်မှပုဂံတွင် ခန့်ညားထည်ဝါသော ကမ္ဘာ့ အဆင့်မီပြတိုက်ကြီးတစ်ခု တည်ဆောက်ရန် လမ်းညွှန်ခဲ့ပါသည်။ သို့ဖြစ်၍ ယခုလက်ရှိ ရှေးဟောင်း သုတေသန ပြတိုက်ကြီးကို (၃.၃.၁၉၉၅)ရက်နေ့တွင် ပန္နက်တင်ခဲ့ပြီး (၇.၃.၁၉၉၅)ရက်နေ့တွင် အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအဆောက်အဦ ​ဆောက်လုပ် ချိန်တွင် ယခင်ကရှိခဲ့သည့် ရှစ်မြှောင့်ပုံပြတိုက်ကို ဆက်လက်ထားရှိပြီး ဘေးရှိ ရှေးဟောင်း သုတေသနဌာနခွဲရုံးကို ဖျက်သိမ်းခဲ့ပါသည်။

ရှေးဟောင်းသုတေသနဌာနခွဲရုံးအဖြစ် ဗူးဘုရားသွား လမ်းနှင့် ညောင်ဦးမြို့သွားသည့်လမ်းထောင့်တွင် ထရံကာ အဆောက်အဦဖြင့် ကျပ်(၁၃)သိန်း တန်ယာယီအဆောက်အဦကို ဆောက်လုပ်ခဲ့ပါသည်။

       ၁၉၉၇ခုနှစ်တွင် လက်ရှိရှေးဟောင်းသုတေသနဌာနခွဲရုံးကို စတင်ဆောက်လုပ်ခဲ့ပါသည်။  ဆောက်လုပ်စဉ်က ခွင့်ပြုငွေမပါပဲ ယခင်ရုံးကို ပြင်ဆင်ထိန်းသိမ်းသည့်အနေဖြင့် ခွင့်ပြုခဲ့ပါသည်။ နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းရန်ခွင့်ပြုသည့်ငွေဖြင့်သာဆောင်ရွက် ခဲ့ရဖြင့် လက်ရှိ ပုဂံဌာနခွဲရုံး အဆောက်အဦကို (၁၀)နှစ်နီးပါး နှစ်ရှည် တည်ဆောက်ခဲ့ရပါသည်။