နောက်ခံသမိုင်းအကျဉ်း
      ယဉ်ကျေးမှုဝန်ကြီးဌာနကို ၁၉၅၂ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့တွင် ပြည်ထောင်စုယဉ်ကျေးမှု ဝန်ကြီးဌာန အမည်ဖြင့် စတင်ဖွဲ့စည်း ခဲ့ပါသည်။ ထိုသို့ဖွဲ့စည်းစဉ်က ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီး ဌာနတွင် အောက်ဖော်ပြပါ ဌာန၊  ဌာနခွဲ၊ အဖွဲ့၊ ရုံးနှင့်ကျောင်းများ ပါဝင်ခဲ့ပါသည် -
      (က) ကမ္ပည်းကျောက်စာဌာန
     (ခ)  နိုင်ငံတော်စာကြည့်တိုက်
     (ဂ)  ပြတိုက်
     (ဃ) အမျိုးသားပန်းချီခန်းမဆောင်
     (င)  ရှေးဟောင်းစာပေယဉ်ကျေးမှုဌာနခွဲ
     (စ)  နိုင်ငံတော်ဆိုင်းအဖွဲ့
     (ဆ) နိုင်ငံတော်သဘင်ရုံး
     (ဇ)  ပန်းချီပန်းပုကျောင်း
     (စျ) ပန်တျာနှင့်ပြဇာတ်ကျောင်း

 
      ၁၉၅၂ ခုနှစ်တွင် နိုင်ငံတော်ပန်းချီပန်းပုကျောင်း(ရန်ကုန်)၊ နိုင်ငံတော်အနုပညာနှင့် ပန်တျာ ပြဇာတ်ကျောင်း(ရန်ကုန်)၊ ၁၉၅၃ ခုနှစ်တွင် နိုင်ငံတော်ပန်းချီပန်းပုကျောင်း(မန္တလေး)၊ နိုင်ငံတော် အနုပညာနှင့်ပန်တျာပြဇာတ်ကျောင်း(မန္တလေး)တို့ကို ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၄ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့တွင် နိုင်ငံတော်စာကြည့်တိုက်၊ ပြတိုက်နှင့် အမျိုးသားပန်းချီခန်းမဆောင်တို့ကိုပေါင်းစည်း၍ ယဉ်ကျေးမှုဗိမာန်ဟုလည်းကောင်း၊ ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့တွင် ကမ္ပည်းကျောက်စာ ဌာနကို ရှေးဟောင်းသုတေသနဌာန ဟုလည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၂ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် မြန်မာသမိုင်းကော်မရှင် ကို ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းဖွဲ့စည်း ထားခဲ့ပါသည်။
 
     ၁၉၇၂ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် စနစ်သစ်အုပ်ချုပ်ရေးအရ ပြည်ထောင်စုယဉ်ကျေးမှု ဝန်ကြီးဌာနကို ယဉ်ကျေးမှုဝန်ကြီး ဟုလည်းကောင်း၊ အနုပညာနှင့် သက်ဆိုင်သောဌာနများကို စုစည်း၍ အမျိုးသားယဉ်ကျေးမှုဦးစီးဌာန ဟုလည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ရှေးဟောင်းစာပေယဉ်ကျေးမှုဌာနခွဲကိုလည်း ယဉ်ကျေးမှုဗိမာန်အောက်သို့ ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။

     ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့တွင် ရှေးဟောင်းသုတေသနကို ရှေးဟောင်းသုတေသန ဦးစီးဌာန ဟုလည်းကောင်း၊ ယဉ်ကျေးမှုဗိမာန်ကို ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနဟုလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုဦးစီးဌာနကို အနုပညာဦးစီးဌာန ဟုလည်းကောင်း ၊၁၉၇၂ ခုနှစ်၊ စက်တင်ဘာ လ(၂၈)ရက်နေ့တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်ကို နိုင်ငံသမိုင်းသုတေသနဦးစီးဌာန ဟု လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် အောက်ဖော်ပြပါဦးစီးဌာနများကို ဦးဆောင်ကွပ်ကဲလျက် လုပ်ငန်းတာဝန်များအား ဆောင်ရွက်ခဲ့ပါသည် -
      (က) ရှေးဟောင်းသုတေသနဦးစီးဌာန
     (ခ)  ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန
     (ဂ)  အနုပညာဦးစီးဌာန
     (ဃ) နိုင်ငံသမိုင်းသုတေသနဦးစီးဌာန


     ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၅/၂၀၀၇)၏ သဘောတူခွင့်ပြုချက်အရ ရှေးဟောင်းသုတေ သနဦးစီးဌာနနှင့် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနတို့သည် လုပ်ငန်းသဘောသဘာဝချင်း ဆက်စပ်လျက်ရှိ သဖြင့် ၎င်းဦးစီးဌာန(၂)ခုကို ပေါင်းစပ်၍ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဌာနဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

     နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥဒေအမှတ် (၇ / ၉၃) ဖြင့် ယဉ်ကျေးမှု တက္ကသိုလ်ဥပဒေကို ၁၉၉၃ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဥပဒေအရယဉ်ကျေးမှု တက္ကသိုလ်ကို အမှတ် ( ၁၃၁ )ကမ္ဘာအေးစေတီလမ်း၊ ကမ္ဘောဇရိပ်သာ ယဉ်ကျေးမှုဝန်ကြီးဌာနဝင်း အတွင်းရှိ အနုပညာဦးစီးဌာန လေ့ကျင့်သင်ကြားရေးဆောင်များ၌ ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ( ၂၄ ) ရက်နေ့တွင် အဆင့် ( ၃ )တက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ် သင်ကြားခဲ့ပါသည်။ ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ( ၁၈ )ရက်နေ့တွင် လက်ရှိတည်နေရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် ( ၂၆ )ရပ်ကွက်၊ အောင်ဇေယျလမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ် သင်ကြားခဲ့ပါသည်။ ၁၉၉၇ ခုနှစ်၊ ဇွန်လ ( ၄ )ရက်နေ့မှစ၍ ပါမောက္ခချုပ် ကွပ်ကဲကာ ပါမောက္ခများပါဝင်သော အဆင့် ( ၂ )တက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါ သည်။

     မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အုန်းချော၊ ရွှေစာရံ ကားလမ်းရှိ အနောက်ဘက်တွင် ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာလ ( ၁ )ရက်နေ့မှစ၍ ယဉ်ကျေးမှုတက္ကသိုလ် (မန္တလေး)ကို အဆင့် ( ၂ )တက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

     ယင်းတက္ကသိုလ်များကို ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ ( ၂၇ )ရက်နေ့မှစတင်၍ အဆင့် ( ၁ ) တက္ကသိုလ်အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ ယဉ်ကျေးမှုတက္ကသိုလ်များကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ( ၂၇ )ရက်နေ့မှစ၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (National  University  of  Arts  and  Culture) ဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနရှိ အမျိုးသားစာကြည့်တိုက်များကို သမိုင်းသုတေသနဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ဦးစီးဌာနအမည်များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့အဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

     ယခုအခါ ယဉ်ကျေးမှုဝန်ကြီးဌာနကို ဝန်ကြီးရုံးအပါအဝင် အောက်ဖော်ပြပါဦးစီးဌာန (၃) ခု၊ တက္ကသိုလ်(၂)ခုဖြင့် ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိ ပါသည် -
      (က) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန
     (ခ)  အနုပညာဦးစီးဌာန
     (ဂ)  သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန
     (ဃ) အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)
     (င)  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)